မြန်မာဗျည်း ၃၃-လုံး ဖြစ်ပေါ်လာပုံ

မောင်ခင်မင် (ဓနုဖြူ)

======================

မြန်မာဗျည်း ၃၃-လုံး ဖြစ်ပေါ်လာပုံအကြောင်း ပြောရာမှာ ဗျည်းရော သရရော မြန်မာအက္ခရာ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာက စပြောဖို့လိုမှာပေါ့။ မြန်မာအက္ခရာဟာ အိန္ဒိယနိုင်ငံမှာ ဘိစီ ၅၀၀-လောက်က ၇၀၀-ကျော်အထိ ထွန်းကားခဲ့တဲ့ ဗြာဟ္မီ (Brahmi) အက္ခရာက ဆင်းသက်လာကြောင်း ပညာရှင်တွေက မိန့်ဆိုကြတယ်။ ခရစ်နှစ်ဦးပိုင်းလောက်မှာ အိန္ဒိယနိုင်ငံသားတွေ အရှေ့တောင်အာရှကို သင်္ဘောကြီးတွေနဲ့ ရွက်လွင့်လာ ရာမှ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အက္ခရာ၊ နီတိကျမ်း၊ ဓမ္မသတ်ကျမ်း စတဲ့ ယဉ်ကျေးမှုတွေပါလာပြီး အရှေ့တောင်အာရှ နိုင်ငံတွေမှာ ထွန်းကားတာပါ။ အဲဒီအက္ခရာဟာ မွန်လူမျိုးတွေဆီ အရင်ရောက်ပြီး အဲဒီကမှတဆင့် မြန်မာတွေဆီရောက်တယ်။ မြန်မာတွေက အဲဒီအက္ခရာတွေကို မြန်မာစကားသံတွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် လိုအပ်သလို မွမ်းမံအသုံးပြုရာက မြန်မာအက္ခရာ ပေါ်ပေါက်လာတယ်လို့ ယူဆကြပါတယ်။
မြန်မာအက္ခရာဆိုရာမှာ ဗျည်းရော၊ သရရော ပါ၀င်ပါတယ်။ ဗျည်းတွေကို အမည်ပေးပုံက စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဘယ်တုန်းကစပြီး ကကြီး-ခခွေး-ဂငယ်-ဃကြီး-စတဲ့အမည်တွေ ပေးတာလဲလို့ စဉ်းစားကြည့်ရင် မြန်မာအက္ခရာတွေကို ပေရွက်ပေါ်မှာ ကညစ်နဲ့ အဝိုင်းပုံရေးတော့မှ ဖြစ်လိမ့်မယ်လို့ ဆိုချင်ပါတယ်။ ကျောက်စာ စရေးထိုးတဲ့ ပုဂံခေတ်တုန်းကတော့ ခုလို ဝိုင်းဝိုင်းစက်စက် မဟုတ်ကြောင်း ပုဂံကျောက်စာတွေကိုကြည့်ရင် သိနိုင်ပါတယ်။ အဲဒီတုန်းက ကျောက်ပေါ်မှာ ဆောက်တို့၊ ဘာတို့နဲ့ ထွင်းရတာမို့ လေးထောင့်ပုံတွေ ထွင်းတယ်၊ မဝိုင်းသေးဘူး။ ဝ-ဝ ကလေး ဝိုင်းဝိုင်းရေး-လို့ ပြောလို့မရသေးဘူး။ 
ပေပေါ်မှာရေးတော့ လေးထောင့်ရေးရင် အဆင်မပြေဘူး။ ပေရွက်အကြောတွေ စုတ်ပြတ်နိုင်တယ်။ 
အဝိုင်းရေးတော့ ပိုအဆင်ပြေတယ်။ အဲဒီလိုအဝိုင်းရေးတဲ့ခေတ်ရောက်မှ ဗျည်းတွေရဲ့ ပုံသဏ္ဌာန်ကိုကြည့်ပြီး အမည်ပေးတာပါ။ ဒီတော့ မြန်မာဗျည်းတွေဟာ မဝိုင်းခင်တုန်းက ကကြီး-ခခွေး စတဲ့ အမည်တွေ မရသေးဘဲ က-ခ-လို့ပဲ ခေါ်လိမ့်မယ်ထင်တယ်။ ဗျည်းတွေကိုအမည်ပေးရာမှာ ဂုဏ်အရည်အသွေးအရ အမည်ပေးတာရော၊ ပုံသဏ္ဌာန်အရ အမည်ပေးတာရော တွေ့ရတယ်။ ကကြီး၊ ဃကြီး၊ ဏကြီး၊ ဠကြီး ဆိုတဲ့ အက္ခရာလေးလုံးကို ကြီးလေးလုံး-လို့ခေါ်ကြတယ်။ အဲ ဃကြီး၊ ဏကြီး၊ ဠကြီးတို့မှာတော့ ဂငယ်၊ နငယ်၊ လ(ငယ်) ဆိုတဲ့ အတွဲတွေ ရှိတယ်မဟုတ်လား။ ဒါကြောင့် အကြီးအငယ်ခွဲပြီး အငယ်တွေထက် အရွယ်ပမာဏကြီးတဲ့ အက္ခရာတွေကို ကြီး-ထည့်ပြီး ခေါ်ကြတာပေါ့။
ကကြီးကျတော့ ကငယ် မရှိဘဲ ဘာဖြစ်လို့ ကကြီးလို့ခေါ်ရသလဲလို့ မေးစရာပေါ့။ ဗျည်း ၃၃-လုံးမှာ ရှေ့ဆုံးက ခေါင်းဆောင်ဗျည်းဖြစ်လို့ ကကြီးလို့ ခေါ်တယ်လို့လည်း ယူဆကြတယ်။ ၃၃-လုံးမှာ အကြီးဆုံးပေါ့။ ပုံသဏ္ဌာန်က ဂငယ်ထက် ၂-ဆ ကြီးနေလို့ ကကြီးလို့ခေါ်တယ်လို့လည်း ဆိုကြတယ်။ ပုံသဏ္ဌာန်အရ အမည်ပေးတဲ့ဗျည်းတွေကို ကြည့်ပါ။ 
ခွေခွေကလေးနေလို့ ခ-ခွေး၊

လုံးလုံးကလေး နေလို့ စ-လုံး၊ 

လိမ်ခွေနေလို့ ဆ-လိမ်၊ 

အောက်ကွဲနေလို့ ဇ-ကွဲ၊ 

ဘေးကမျဉ်းဆွဲထားလို့ စျ-မျဉ်းဆွဲ၊ 

ရင်ကလေးကောက်နေလို့ ဍ-ရင်ကောက်၊ 

၀မ်းပူနေလို့ တ-ဝမ်းပူ၊ 

အငယ်အထွေးလေးဖြစ်လို့ ဒ-ဒွေး (ဒထွေး)၊ 

အောက်ပိုင်းကခြိုက်(ချိုင့်) နေလို့ ဓ-အောက်ခြိုက်၊ 

မတ်မတ်စောက်စောက်ရှိလို့ ပ-စောက်၊ 

အထက်ပိုင်းကခြိုက်(ချိုင့်)နေလို့ ဗ-ထက်ခြိုက်၊

ကုန်းနေလို့ ဘ-ကုန်း၊

ပက်လက်လန်နေလို့ ယ-ပက်လက်၊ 

အဖျားက ကောက်နေလို့ ရ-ကောက်-ဆိုပြီး 

ပုံသဏ္ဌာန်အရ အမည်ပေးတာ တွေ့နိုင်ပါတယ်။ 
အက္ခရာတချို့ရဲ့ အမည်တွေက ပုံသဏ္ဌာန်ကို ရိုးရိုးဖော်ပြတာမဟုတ်ဘဲ ပုံသဏ္ဌာန်တူတဲ့ အရာဝတ္ထုတွေနဲ့ ခိုင်းနှိုင်းအမည်ပေးတာဖြစ်ပါတယ်။ ရှေးကသုံးတဲ့ သံလျင်းလို့ခေါ်တဲ့ ထမ်းစင်မှာပါတဲ့ ချိတ်လေးကို ကောက်ကောက်ကလေးမို့ ဋ-သံလျင်းချိတ်၊ ဝမ်းဘဲနဲ့တူလို့ ဌ-ဝမ်းဘဲ၊ ရေမှုတ်နဲ့တူလို့ ဎ-ရေမှုတ်၊ ဆင်ရဲ့ခြေထောက်ကို ခတ်ရတဲ့ ထူးလိုအကွင်း ၂-ကွင်းပါလို့ ထ-ဆင်ထူးလို့ ခေါ်ကြောင်း တွေ့နိုင်ပါတယ်။ 
င-မ-ဝ-သ-ဟ တို့ကိုတော့ အမည်မပေးတာ တွေ့ရပါတယ်။ ည-ယ-လ တို့ကိုတော့ သာမန်အားဖြင့် အမည် မပေးပေမယ့် လိုအပ်တဲ့အခါ ညကြီး၊ ယပက်လက်၊ လ(ငယ်)လို့ အမည်ပေးပါတယ်။ ဉ ကို ဉ ကလေး၊ ည ကို ညကြီးလို့ ခွဲခြားခေါ်ပါတယ်။ မြန်မာဗျည်း ၃၃-လုံးမှာ ည(ညကြီး) ပဲပါတယ်။ ဉ (ဉ ကလေး) ကိုတော့ အသတ်အက္ခရာအဖြစ်ပဲ သုံးတယ်။ သံယောဇဉ်တို့၊ ဝိညာဉ်တို့၊ အစဉ်အမြဲ-တို့မှာ သုံးသလိုပေါ့။ ဒီနေရာမှာ ပါဠိဘာသာမှာသုံးတဲ့ ညနဲ့ မြန်မာဘာသာမှာသုံးတဲ့ ညကို ခွဲခြားမှတ်ရမယ်။ ပါဠိဗျည်း ၃၃-လုံးမှာ ည မသုံးဘူး။ ဉ ပဲသုံးတယ်။ ဒါကြောင့် ပုည ကို ပုဉ်+ဉ လို့ အသံထွက်ရတာပေါ့။ ရှေ့က ညကို အသတ်အသံထွက်ရတယ်။
/ပုန်+ညာ့/လို့ အသံထွက်ရတာပေါ့။ ဒီလိုပဲ ပညာ/ပဉ်+ဉာ/ပျင်ညာ။ သုည/သုဉ်+ဉ /သုန်ညာ့၊ လို့ အသံထွက်ရတယ်။ အချုပ်အားဖြင့် ပါဠိမှာ ညဟာ ဉ ၂-လုံးတွဲဖြစ်တယ်။ ဉ ရော၊ ညရော သုံးတယ်။ မြန်မာမှာတော့ ညကြီး ဉ ကလေးလို့ ခွဲသုံးတယ်။ ဗျည်း ၃၃-လုံးမှာ ညကြီးသုံးပြီး အသတ်မှာ ဉ သုံးတယ်လို့ ခွဲခြားမှတ်သားနိုင်ပါတယ်။ မြန်မာစာမှာ ဉ နဲ့ ဥနဲ့ ရောထွေးတတ်တယ်။ ဉ (ဉ ကလေး) က ခြေထောက် ရှည်တယ်။ ဥ (ဘဲဥ၊ ကြက်ဥ-မှာပါတဲ့ အက္ခရာ ဥ) က ခြေထောက် တိုတယ်။ ယပက်လက်ကို ရကောက်နဲ့ ယှဉ်ပြီး ယပက်လက်လို့ ခွဲခြားခေါ်တယ်။ 
ရှေ့က ရကို ရကြီး၊ ယကို ယငယ်လို့လည်း ခွဲခေါ်သေးတယ်။ ရကြီးနဲ့ ရငယ်ပေါ့။ လကိုလည်း ဠနဲ့ ယှဉ်ပြီး လငယ်လို့ ခေါ်နိုင်ပါတယ်။ အက္ခရာအမည်တွေနဲ့ပတ်သက်ပြီး ပြောစရာတခုက ဓအောက်ခြိုက်ကို အောက်ကချိုင့်နေလို့ ဓအောက်ခြိုက် ခေါ်တယ်ပြောပြီး ရေးတော့ အောက်က မချိုင့်ပါလားလို့ မေးစရာရှိတယ်။ ပုဂံခေတ် ကျောက်စာတွေမှာ စရေးတုန်းက ဓဟာ အခုလို အောက်က ပိတ်မနေဘူး။ ဗ စောက်ထိုးရေးသလို အောက်ကချိုင့်နေတယ်။
( ဗထက်ခြိုက် ပြောင်းပြန်ပုံစံမျိုးပေါ့။) စျ (စျမျဉ်းဆွဲ) ကို စလုံးယပင့်-ဆိုပြီး မှားသင်တဲ့ ဆရာမကလေးတွေ ရှိတယ်လို့ ကြားရတယ်။ 

စျ ဟာ မူလအက္ခရာမှာ သီခြားပုံသဏ္ဌာန် ရှိပါတယ်။ 

စလုံးကို ယပင့်ထားတာ မဟုတ်ပါဘူး။ ဘေးက မျဉ်းဆွဲထားလို့ စျမျဉ်းဆွဲ ခေါ်တယ်လို့ မှတ်သင့်ပါတယ်။ ကဲ ဒီလောက်ဆိုရင် ပြည့်စုံပြီထင်ပါတယ်။ 
ကိုးကား ။ ။ မောင်ခင်မင် (ဓနုဖြူ) (မင်္ဂလာမောင်မယ် ၂၀၁၀-ဒီဇင်ဘာလ)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s